ဒီမနက်ခင်း......
ဒီလိုရာသီဥတုမျိုးပေါ့
ကျွန်တော် မုန်းတာ
စိုစွတ်စွတ် အုံ့မှိုင်းမှိုင်း
သစ်ပင်စိမ်းတွေပါ ငိုက်မြည်းလို့
မလန်းဆန်းကြဘူးတဲ့ ..
ညနေခင်း မိုးရွာတာကို ကြိုက်ပေမယ့် ခုလို မနက်စောစောမှာ မိုးနံ့တွေ ရနေတတ်တာကို ဒီနေ့အတွက် မနှစ်သက်မိဘူး .. ကိုယ် နိုးထလာချိန်မှာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အားလုံးက မှုန်ကုတ်ကုတ် .. မပွင့်တပွင့်နဲ့ ..
တချို့ကျတော့လည်း နှစ်ခြိုက်စွာ အိပ်မောကျလို့ .. မနာလိုပါဘူး ..
************
ညဘက် တရေးနိုးချိန် ဖုန်းကို သတိတရ ကြည့်လိုက်မိတော့
မချိုမချဉ်နဲ့ ကိုယ့်ပြန်ကြည့်နေတဲ့ ကိုယ့်ပုံကို တွေ့တယ် ..
စိတ်ရှုပ်ရှုပ်နဲ့ ကာတွန်းပုံ ပြန်ပြောင်းလိုက်တယ် ..
နာရီကို ကြည့်တော့ ၅ နာရီခွဲ ..
မျက်လုံးကလည်း ကြည်လို့ .. အိပ်ရာက ထရင်ကောင်းမလား စဉ်းစားပေမယ့်
အချိန်ကို အကျိုးရှိအောင် အသုံးချချင်စိတ်ကြောင့်
အတင်းစွတ်မှိတ်ပြီး ပြန်အိပ်လိုက်တယ်....:D
မမျှော်နဲ့ မမျှော်နဲ့ .. ခုလောက်ဆို “ချမ်းချမ်း” က အိပ်လို့ ကောင်းတုန်းပဲ နေမှာ .. နိုးရင်ရော .. သတိရနေပါ့မလားးးးးးး
မတွေးပဲ ခေါင်းထဲရောက်လာတဲ့ အကြောင်းတွေကိုလဲ ခေါင်းကိုခါပြီး ဖယ်ထုတ်လိုက်တယ် ..
အလန်းသံကတော့ တတီတီနဲ့ အချက်ပေးနေပါပြီ ..
ခုနက ထလိုက်မိကောင်းသား ..
ခုနက ကြည်နေတဲ့ အမြင်တွေလည်း ပြန်လည် နောက်ကျိလို့ ..
ရောဂါက စပြီ .. အပျင်းရောဂါ ..
ဘယ်ခလုတ်တွေ ဘယ်လိုနှိပ်မိတယ် မသိဘူး .. အသံက ထထမြည်တာ မပြီးနိုင် ..
နှိပ်ရော နှိပ်မိရဲ့လားမသိ ..
နာရီကြည့်လိုက် ပြန်အိပ်လိုက်နဲ့ ၁၆ ခါလောက် လုပ်အပြီးမှာ ၁၀နာရီက ခွဲနေပြီ ..
နောက်ဆုံးမိနစ်မှာ လူးလဲ ထလိုက်တယ် ..
မဆီမဆိုင် အိပ်မက်ထဲမှာ လူစုံတက်စုံ ထည့်မက်တာကို သတိရသွားသေးတယ် ..
ဘာတွေဘယ်လို မက်တယ်တော့ စဉ်းစား မရတော့ ..
ပြန်သတိရအောင် ပြန်အိပ်လိုက်ရကောင်းမလား ....:D
အစ်ကိုဖြစ်သူ အခန်းထဲဝင်လာမှ အတင်း ကုန်းရုန်းထ ..
ရေချိုးခန်းဘက်ပြေး ..
အားလုံးပြင်ဆင်ပြီးချိန်မှာ ၁၁နာရီထိုးဖို့ မိနစ်အနည်းငယ်သာ လိုတော့တယ် ..
သွားရပြန်ဦးမယ် .. တွေ့ရပြန်ဦးမယ် ..
“ထွက်ခါနီး ဘုရားစင်ရှေ့ထိုင် .. တတ်တာလေးတွေ ရွတ်ပြီး မေတ္တာပို့” ..
အိမ်တံခါးကိုဖွင့် နေ့ရက်သစ်တခုကို အစပြု ..
အလုပ်ကိုသွားရာလမ်းတလျှောက် လမ်းကစိုတိုတိုမို့ စိတ်ကချဉ်ချဉ်နဲ့ လမ်းကိုပဲ မျက်စောင်းပစ်ထိုးလိုက်တယ် ..
လမ်းမှာအမြဲတွေ့နေကျ လေ့ကျင့်ခန်းလုပ်နေတဲ့လူတွေကလည်း
ထုံးစံအတိုင်း ဟိုဘက်လျှောက် ဒီဘက်လျှောက် ..
တစ်ချို့လူတွေကို ကြည့်ရတာလည်း မလန်း မဆန်း .. ငိုက်မြည်းနေကြတယ် ..
စိတ်က ဟိုရောက် ဒီရောက် ..
ရာသီဥတုကြီးကလည်း ခံစားလို့မရလိုက်တာ ..
စိုစွတ်စွတ် အုံ့မှိုင်းမှိုင်း ..
ငါမလွမ်းချင်ပါဘူးဆိုမှ ..း(
.............................................
............................................
ကိုယ့်ခရီး ကိုယ်လျှောက်ရင်း
ကိုယ်သွားတဲ့ လမ်း
မှန်ဖို့ပဲ အာရုံစိုက်တယ်
လမ်းမှားရင် နောက်ပြန်လှည့်မယ်
လမ်းမှန်ရင် ရှေ့ဆက်လျှောက်မယ်
ဒါ ဘယ်သူ့ ပရောဂမှ မပါဘူး
ကိုယ့်ရပ်တည်မှုအတွက်
ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိမယ်
ကိုယ့်လုပ်ရပ်နဲ့
ကိုယ့်သမိုင်းကို လောင်းကြေးထပ်တယ်
ကိုယ့်သမိုင်း ကိုယ်ရေးကြသူချည်းပဲ
ကိုယ့်အတိတ်ဖြစ်မယ့် အရောင်ကို
ကိုယ်တိုင် ဆေးခြယ်ချင်တယ်
ဇာတ်လမ်း အဆုံးမှာ
အဖြေ တခုတော့ ရှိလိမ့်မယ် .........။
No comments:
Post a Comment