Thursday, February 17, 2011

“ငါ့ဘဝရဲ့ ပန်းတိုင်”

ငါရောက်ရှိလာချိန်မှာ
မပြည့်စုံခြင်းကပဲ
အေးစက်စွာ ဆီးကြိုပွေ့ဖက်ခဲ့ ...
ကမ္ဘာမြေကတော့ ( ငါ့အတွက် )
နေရာတစ်နေရာကလွဲလို့
ဘာကိုမှမခင်းကျင်းပေးလိုက်ဘူး ... ။

လက်တစ်ဘက်ကို ခေါင်းအုံးရင်း
သေဆုံးသွားရတဲ့ ခါးသက်သက်ညများ ...
ကြယ်စုံတဲ့ ကောင်းကင်လဲ
( ငါ့အတွက် )ဘယ်တုန်းကမှ မလှပခဲ့ဘူး ... ။

ငါ...
ဆာလောင်မှုအထပ်ထပ်နဲ့
မျှော်လင့်ချက်မဲ့ နေ့တွေထဲ
မပြိုလဲသွားအောင် အခါခါအားတင်းခဲ့ရ ... ။

ငါ့မှာ ခဲတံနဲ့ စာအုပ်မရှိပေမယ့်
ထက်သန်တဲ့စိတ်ဓာတ်ရှိတယ် ။

ငါ့မှာ စီးစရာဖိနပ်မရှိပေမယ့်
မတွန့်ဆုတ်တဲ့ ခြေလှမ်းတွေရှိတယ် ။

ငါ့မှာ အပန်းဖြေစရာ ဘာတစ်ခုမှမရှိပေမယ့်
တန်ဖိုးရှိတဲ့ ဘဝအတွေ့အကြုံတွေရှိတယ် ။

တစ်နေ့ ...
ကြမ်းတမ်းလွန်းတဲ့ ငါ့ဘဝလမ်းတွေက
အမြင့်တစ်နေရာကို သယ်ဆောင်ပေးလိမ့်မယ် ... ။


တစ်နေ့ ...
ဗလာကျင်းနေတဲ့ ငါ့လက်တွေက
အောင်မြင်မှုတွေကို ဆုပ်ကိုင်နိုင်လိမ့်မယ် ။

တစ်နေ့ ...
မပြီးမြောက်သေးတဲ့ ငါ့အိပ်မက်တွေက
လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ် ... ။


ငါရောက်လာချိန်မှာ
ဒီကမ္ဘာမြေဟာ ငါ့အတွက်
ဘာတစ်ခုမှ မခင်းကျင်းပေးခဲ့ပေမဲ့
ကိုယ့်နေရာကိုယ် ခင်းကျင်းနိုင်တဲ့
အရည်အချင်းတစ်ခုကိုတော့
“ဘဝအစကတည်းက
သင်ပြပေးခဲ့တယ် ”... ။

No comments:

Post a Comment