အာရုံတွေနူးညွတ်ခူးဆွတ်လို့
နေ့ရယ်...........
ညရယ်...........
ငါမရပ်မနားဖူးပွင့်ခဲ့ရတဲ့လမ်းကလေးရယ်
စိုနေတဲ့လက်ကလေးတွေ ခြောက်မသွားခင်လေး
မျက်နှာချင်းဆိုင်အပြုံးတွေ ရပ်လိုက်ပြီပေါ့။
မမျှော်လင့်ပဲ ဖြိုခွဲခံလိုက်ရတဲ့
အိမ်မက်များစွာတွက်
ဒီမှာတော့
မတောင်းပဲ ပြည့်တဲ့ဆုတွေက
အလွမ်းနဲ့ ထုဆစ်ခံလိုက်ရတဲ့ ပန်းပုရုပ်လိုဖြစ်ခဲ့ပြီ။
အမှတ်တရဆိုတာ အမှိုက်တွေမဟုတ်တော့
လွမ်းရတာပေါ့ ကောင်မလေးရယ်
“၃၁”ဘုံသားတွေလှဖို့တဲ့
ညမွှေးပန်းလေးလို မွှေးပျံ့ ပြီး ငိုခဲ့ရတာ
ဘယ်သူတွေသိလို့လည်း...။
ရင်ထဲကသစ္စာတရားတွေ မခမ်းသရွေ့
ပွင့်တဲ့ပန်းတွေ မွှေးဖို့
စိမ်းလန်းပါစေဆိုပြီး
ရင်ဘတ်နဲ့ကိုင်းကူးခဲ့တာ
ဘယ်သူတွေသိလို့လည်း..။
ဒီက ရုပ်သေးရုပ်မဟုတ်ပေမယ့်
နင်တစ်ယောက်တည်းရဲ့
သံယောဇဉ်ကြိုးတွေ ရှုပ်နေခဲ့ရတော့
တစ်ဘ၀လုံးစာ မိုးစုပ်စုပ်ချုပ်ခဲ့ပေါ့...။
ဒီလိုရာသီကြမ်းဟာ
နူးညံ့တဲ့ ပန်းတစ်ပွင့်နဲ့ မထိုက်တန်ပါဘူးကွယ်
ခွဲခွာခြင်းဆိုတာလည်း
မတောင်းပဲပြည့်တဲ့ဆုပါကောင်မလေးရယ်
ကိုယ့်အတ္တကိုပဲ
ကိုယ် ပြန်ပြန်မြိုချရင်း
ဝေးဝေးကပွင့်တဲ့ပန်းကို
ဝေးဝေးကပဲ လွမ်းခွင့်ရခဲ့သူမို့
ရှားရှားပါးပါးသံယောဇဉ်မလေးရယ်
ထားရစ်ခဲ့မယ်ဆိုရင်လည်း
နှုတ်ဆက်စကားလေးတော့
ကြား.........ပါ........ရ..........စေ...။
No comments:
Post a Comment